အသားအရေ လှပနုပျိုဖို့အတွက် လိုအပ်တဲ့ ဗီတာမင်ဓါတ် အမျိုးအစားများ
အသားအရေကို လှပနုပျိုအောင် စောင့်ရှောက်ထိမ်းသိမ်းခြင်းဟာ နေ့စဉ်လုပ်ဆောင်ပေးသင့်တဲ့ လုပ်ငန်းစဉ်တစ်ရပ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုထားကြပါတယ်။ အသားအရေ လှပကျန်းမာစေဖို့ဆိုရင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝမျှတနေအောင် ဖြည့်တင်းနိုင်မှဖြစ်မှာပါ။
ဗီတာမင်တွေဟာ သင့်ကျန်းမာရေး နဲ့ ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေ ပုံမှန်လည်ပတ်လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါတဲ့အရာတွေဖြစ်တဲ့အပြင် ၎င်းဓာတ်တွေ မလုံလောက်တဲ့အခါ ဗီတာမင်ချို့တဲ့မှုတွေဖြစ်ပေါ်ပြီး သင့်ရဲ့အရေပြားကို ဆိုးကျိုးတွေ သက်ရောက်စေနိုင်ပါတယ်။
ဒီလိုပြဿနာမျိုးတွေကနေကင်းဝေးပြီး လှပကျန်းမာတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ဖြည့်တင်းထားနိုင်ဖို့ မဖြစ်မနေလိုအပ်မှာပေါ့။ လေ့လာချက်တွေအရဆိုရင် အသားအရေအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ပုံမှန်ဖြည့်တင်းပေးနိုင်မယ်ဆိုရင်
- အမည်းစက်တွေကင်းစင်တာ၊
- အသားအရောင် နီစပ်စပ်ဖြစ်တာ၊
- အရေးကြောင်းတွေထတာ၊
- အသားခြောက်တာနဲ့
- အသားအရောင် မညီမညာဖြစ်တာတွေကို ကင်းစင်စေလိမ့်မယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း လူတိုင်းရဲ့ အသားအရေကို လှပကျန်းမာစေဖို့ ဗီတာမင်ဓာတ်တွေက အရေးကြီးတယ်လို့ ဆိုနေရတာပါ။
အသားအရေလှပစေဖို့ အရေးအပါဆုံး ဗီတာမင်ဓာတ်များ
ကျန်းမာလှပတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်နိုင်စေမယ့် အရေးအပါဆုံး ဗီတာမင်ဓာတ် ၄ မျိုးအကြောင်းကို ပြောပြပေးချင်ပါတယ်။ အဲဒီဗီတာမင်အမျိုးအစားတွေကတော့
ဗီတာမင် D ဟာ အရိုးတွေ၊ အသည်းနဲ့ ကျောက်ကပ်တွေအတွက်ဘဲ ကောင်းတာမဟုတ်ပါဘူး။ မျိုးဗီဇကြောင့်ဖြစ်တတ်တဲ့ Psoriasis အရေပြားရောဂါကို ကုသရာမှာလည်း အထောက်အကူဖြစ်ပါတယ်။ ဗီတာမင် D ဟာ အရေပြား ရောင်ရမ်းခြင်းနဲ့ ယားယံခြင်းဝေဒနာတွေကို သက်သာစေတဲ့ ဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့မှာ ဗီတာမင် D ပမာဏ 600 IU per day အထိလိုအပ်ပြီး တစ်နေ့ကို ၁၀ မိနစ်ဝန်းကျင် နေရောင်နဲ့ထိတွေ့ပေးတာ၊ ဗီတာမင် D ကြွယ်ဝတဲ့ ပင်လယ်ငါးတွေ၊ ဒိန်ချဉ်နဲ့ စီရီယယ်လို အစားအစာတွေကို စားသောက်ပေးတာတွေ ပြုလုပ်ပေးသင့်ပါတယ်။
ဗီတာမင် C ကတော့ အရေပြားရဲ့ အတွင်းပိုင်းကိုရော အပြင်ပိုင်းကိုပါ ကျန်းမာစေတဲ့အပြင် ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါသေးတယ်။ ဗီတာမင် C ဟာ သူ့ရဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတိနဲ့ ကော်လဂျင် (Collagen) စုဆောင်းမှုမှာ အရေးပါတဲ့အတွက် အရေပြားကျန်းမာရေးမှာ မေ့ထားလို့မရတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ဗီတာမင် C ဟာ အရေပြားပေါ်မှာဖြစ်တဲ့ ထိခိုက်ပွန်းပဲ့မှုတွေ၊ အရေပြားပျက်စီးမှုတွေကို အလျှင်အမြန်ပြန်ကျက်အောင် ကူညီပေးနိုင်တဲ့အပြင် အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ပေးပြီး နေလောင်ကွက်တွေမဖြစ်အောင်လည်း တားဆီးပေးပါတယ်။ လူတစ်ယောက်အတွက် ဗီတာမင် C နေ့စဉ်လိုအပ်ချက်က 1,000 mg per day ဖြစ်ပြီးတော့ ဗီတာမင် C ကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကနေ အဓိက ရရှိနိုင်ပါတယ်။
ဗီတာမင် E ဟာ ဗီတာမင် C လိုပဲ Antioxidant တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် E က အရေပြားကို နေရောင်ခြည်ကြောင့်ထိခိုက်ခြင်းမှ ကာကွယ်ပေးပြီး ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုကို လျှော့ချပေးနိုင်ပါတယ်။ အသားအရေကို စိုပြည်စေတဲ့ ဗီတာမင် E ကို အရေပြားရောင်ရမ်းမှုတွေကို သက်သာစေဖို့ ကုသရာမှာလည်း အသုံးချကြပါတယ်။ လူတစ်ယောက်အတွက် ဗီတာမင် E နေ့စဉ်လိုအပ်ချက်က 15 mg of vitamin E per day ဖြစ်ပြီး ၎င်းတို့ကို အစေ့အဆံတွေနဲ့ ဗီတာမင် ဖြည့်စွက်စာတွေကနေတဆင့် ရရှိနိုင်ပါတယ်။
အရေပြားလိမ်းဆေး အတော်များများမှာ ပါဝင်တဲ့ ဗီတာမင် K ဟာ အရေပြားကျန်းမာရေးပြသနာ တော်တော်များများကို ကုသပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ခွဲစိတ်ခန်းဝင်ပြီးချိန်မှာ လူနာတွေရဲ့ ခွဲကြောင်းရာအပေါ် လူးပေးလေ့ရှိတဲ့ လိမ်းဆေးတွေမှာလည်း ဗီတာမင် K ပါဝင်ပါတယ်။ ဗီတာမင် ကေ က ခန္ဓာကိုယ်ရဲ့ သွေးခဲခြင်းလုပ်ငန်းစဉ်မှာ အဓိကကူညီပေးပြီး ခွဲစိတ်ထားတဲ့အနာကို အကျက်မြန်စေပါတယ်။ ဗီတာမင် K ဟာ မျက်ကွင်းညိုတာ၊ အရေပြားယားယံတာ၊ အမာရွတ်ဖြစ်တာ၊ အရေးကြောင်းထတာတွေကိုလည်း သက်သာစေပါတယ်။ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင် K ပမာဏက 90 and 120 ug per day ဖြစ်ပြီး ဗီတာမင် K ကို ကိုက်လန်၊ ကညွတ်၊ ပဲအမျိုးမျိုးနဲ့ ဂေါ်ဖီအမျိုးမျိုးတို့မှာ အများဆုံး တွေ့ရနိုင်ပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ ဗီတာမင်ဓာတ်တွေဟာ အရေပြားကျန်းမာပြီး အသားအရေလှပစေဖို့ အကောင်းဆုံး ပံ့ပိုးပေးနေတဲ့ ဗီတာမင်ဓာတ်တွေဖြစ်ပါတယ်။ နေ့စဉ် အာဟာရဖြည့်တင်းပြီး အစားအစာမှီဝဲစားသောက်မှုမှာ ဒီဗီတာမင်ဓာတ်တွေကို ပြည့်ဝစွာ ထည့်သွင်းမှီဝဲပေးနိုင်မယ်ဆိုရင် သင့်အသားအရေလေး အမြဲနုပျိုကျန်းမာနိုင်ပြီပေါ့။
ရေးသားသူ - ရဲဇွန်အောင်